မြန်မာနိုင်ငံကို လူကုန်ကူးမှု ထူးခြားစွာတိုက်ဖျက်နိုင်သည့် နိုင်ငံအဖြစ် အမေရိကန် သတ်မှတ်

0

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး ထိရောက်အောင် ဆောင်ရွက်ခြင်း ကင်းမဲ့တဲ့ အဆိုးဝါးဆုံးနိုင်ငံစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ရဲမှုးမင်းခိုင်ကပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၇ ခုနှစ် နှစ်ပတ်လည် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး ထိရောက်အောင် ဆောင်ရွက်ခြင်း ကင်းမဲ့တဲ့ အဆိုးဝါးဆုံးနိုင်ငံစာရင်းကနေ လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်နေတဲ့ နိုင်ငံအဖြစ် အဆင့်တိုးသတ်မှတ်ဖော်ပြလိုက်တယ်လို့သိရပါတယ်။
အဲဒီအစီအရင်ခံစာမှာ အဆင့်လေးဆင့်ရှိပြီး လူကုန်ကူးတိုက်ဖျက်မှုထိရောက်အောင်ဆောင်ရွက်မှုနှုန်း ရှိမှုနဲ့ တိုင်းတာကာ စံနှုန်းတွေကို အပြည့်အ၀လိုက်နာတဲ့ နိုင်ငံတွေကိုအဆင့်(၁)၊ အနိမ့်ဆုံး စံနှုန်းတွေကို အကောင်အထည်ဖော်တဲ့နိုင်ငံတွေကိုအဆင့်(၂)၊ စောင့်ကြည့်အဆင့်ကတော့ အနိမ့်ဆုံးစံနှုန်းတွေကို အကောင်အထည်ဖော်ပြီးတော့ မှ လူကုန်ကူးခံရတဲ့ အရေအတွက် သိသိသာသာများပြားလာတဲ့ လူကုန်ကူးခံရမှုတွေကို အခိုင်အမာသက်သေပြတာမရှိတဲ့နိုင်ငံတွေအဆင့်(၃) နဲ့ အနိမ့်ဆုံး လိုက်နာဆောင်ရွက်တာမရှိတဲ့ နိုင်ငံတွေကို အဆင့် (၄)ဆိုပြီး သတ်မှတ်ထားတယ်လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရက ကလေးစစ်သားပပျောက်ရေးကို ထိရောက်စွာပြုလုပ်ခဲ့သလို လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းပြီး ပထမဆုံးအကြိမ် အရေးယူအပြစ်ပေးခဲ့တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို အဆိုးဝါးဆုံးနိုင်ငံအဆင့် (၃) ကနေ ထူးထူးခြားခြား တိုက်ဖျက်တဲ့နိုင်ငံအဖြစ် အဆင့် (၂) ကိုပြောင်းလဲခဲ့တာဖြစ်တယ်လို့ အဲဒီအစီအရင်ခံစာ မှာဖော်ပြခဲ့ပါတယ်။လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ဟာ အခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ မြန်မာနိုင်ငံတွင်း လူကုန်ကူးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ UNACT မှ တာဝန်ရှိသူ ဒေါ်ရင်ရင်ဟန်ကပြောပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့တဲ့ ၂၀၁၇ခုနှစ် ဇန်န၀ါရီလ ကနေ ဇွန်(၂၈)ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ လူကုန်ကူးမှု (၁၀၉)မှု၊ တရားခံ(၃၁၇)ယောက်၊ လူကုန်ကူးခံရသူ (၁၇၂) ယောက်ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီအမှုတွေကို လေ့လာရာမှာတော့ တရုတ်နိုင်ငံကို ဦးတည်တာက (၇၅)မှု၊ ပြည်တွင်းမှာဖော်ထုတ်နိုင်တာက(၂၆)မှုနဲ့ ယိုးဒယားနိုင်ငံကိုဦးတည်တာက (၈)မှုလို့သိရပါတယ်။ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၁၇ ခုနှစ် နှစ်ပတ်လည် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ တရုတ်နိုင်ငံကိုတော့ မြောက်ကိုရီးယားနိုင်ငံနည်းတူ လူကုန်ကူးမှု အဆိုးဝါးဆုံးနိုင်ငံစာရင်း ပြောင်းလဲထည့်သွင်းလိုက်ပါတယ်။ တရုတ်ပြည်ဟာ အရင်နှစ်က အဆင့်(၂) ဖြစ်တယ်လို့သိရပါတယ်။၂၀၁၆ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူကုန်ကူးမှုပေါင်း (၁၃၁)မှုမှာ လူကုန်ကူးခံရသူပေါင်း (၃၀၇)ယောက်နဲ့လူကုန်ကူးသူ(၂၃၃)ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ တယ်လို့သိရပါတယ်။ အခုထက်အဆင့်တက်ဖို့ဆိုရင်တော့ လူကုန်ကူးမှုအဓိကဖြစ်စေတဲ့ အချက်တွေဖြစ်တဲ့ ပြည်တွင်းစစ် လျော့ချဖို့၊ သဘာဝဘေးအန္တရာယ်တွေလျော့ကျစေဖို့အတွက် ကြိုတင်ကာကွယ်ဖို့၊ ပြည်သူတွေ မျှတတဲ့ဝင်ငွေရဖို့၊ အလုပ်အကိုင်အခွင့်အလမ်းပေါများဖို့နဲ့ ပညာရေးမြင့်မားဖို့တွေလိုအပ်တယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau ကမေထွယ် ပေးပို့ထားတာဖြစ်ပါတယ်။

Share.

Leave A Reply